ပေါက်တော ဩဂုတ် ၃၀
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ အလယ်ဖရုံကာကျွန်းရှိ ဆင်တက်မော်အုပ်စု ဆင်တက်မော်ကျေးရွာ IDPsစခန်းနှင့် ဆင်တက်မော်အုပ်စု အနောက်ရဲ IDPs စခန်းတို့တွင် ခိုလုံနေကြသောပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာ အသက်(၄၅)နှစ်အထက်နှင့်(၆၅)နှစ်အထက်သက်ကြီးရွယ်များအား(Sinovac( Corona vac ) ကာကွယ်ဆေးကို ယမန်နေ့နံနက်-၁၀ နာရီက စတင်ထိုးနှံပေးသည်။
အဆိုပါ IDPs စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များ လာရောက် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်း မပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင် တိုင်းတာပေးခြင်း တို့ကို ပြုလုပ်ပေးကြပြီး ကာကွယ်ဆေးထိုးပေး ကြသည်။
ကာကွယ်ဆေးထိုးနှံရာ၌ဆင်တက်မော် IDPs စခန်းတွင် ဆေးလာရောက်ထိုးနှံသူ အမျိုးသား(၁၈၃)ဦး အမျိုးသမီး(၂၁၅)ဦး စုစုပေါင်း(၃၉၈)ဦးနှင့် အနောက်ရဲ IDPs စခန်းတွင် အမျိုးသား(၈၉)ဦး၊ အမျိုးသမီး(၉၅)စုစုပေါင်း (၁၈၄)ဦး IDPs စခန်း ၂ခု စုစုပေါင်း(၅၈၃)ဦး လာရောက်ထိုးနှံကြသည်ကို သိရှိရသည်။ ပေါက်တောမြို့နယ်၌ ဆင်တက်မော် IDPs စခန်း၊ အနောက်ရဲ IDPs စခန်း၊ ကြိမ်နီပြင်IDPs စခန်း၊ ဌက်ချောင်း(၁)IDPs စန်း၊ ဌက်ချောင်း(၂) IDPs စခန်း(၅)နေရာအနက် ဆင်တက်မော် IDPs၊ စခန်းနှင့် အနောက်ရဲ IDPs စခန်းတို့တွင် ထိုးနှံပေးခဲ့ပြီး ကျန်ရှိ IDPs စခန်း(၃)နေရာများသို့ သွားရောက်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်သန်း