မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းထိန်းဆောင်ရွက်ထားသော ကမ်းထိန်းနံရံ အလျား(၁၀)ပေခန့် နိမ့်ကျမှုဖြစ်ပေါ်လျက်ရှိ

မြန်အောင် ဩဂုတ် ၃၀

 

 ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းထိန်း ဆောင်ရွက်ထားသော ကမ်းထိန်းနံရံမှာ ယမန်နေ့ညနေက အလျား (၁၀) ပေခန့် နိမ့်ကျမှုဖြစ်ပေါ် လျက်ရှိကြောင်းသိရှိရသည်။

အဆိုပါ နိမ့်ကျမှုဖြစ်ပေါ်လျက်ရှိသောနေရာအား  ကမ်းပြိုမှုဆက်လက်မဖြစ်စေရန် အချိန်မီ ပြုပြင်မှု များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်း ထံမှ သိရသည်။

ဧရာဝတီမြစ်ရေသည် မြန်အောင်မြို့၏ စိုးရိမ်ရေမှတ်မှာ (၆၇.၀၀)ပေဖြစ်ပြီး ယမန်နေ့ နေ့လယ် (၁၂)နာရီ ရေမှတ်မှာ(၆၅.၇၀)ပေဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှသိရသည်။

 မြန်အောင်တာမိုင်  ၆/၇ နှင့်၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံ မြစ်ကမ်းထိန်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်  Geotextile ကပ်နံရံနှင့် ရေထဲပိုင်း Geo-Bag ချခြင်း အလျား(၃၂၀)ပေ တည်‌ဆောက်ခြင်းလုပ်ငန်းကို မြတ်ဘုန်းယံ ကုမ္ပဏီက ကျပ် (၁၉၃. ၂၀) သန်းဖြင့် တင်ဒါအောင်မြင်‌ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ဝင်းဗိုလ်