မောင်တော ဩဂုတ် ၃၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၁ ရက်နေ့ နံနက်၉ နာရီမှစတင်ကာ မြို့နယ်အတွင်းရှိ စုရပ်(၅)ခုတွင် လူမျိုးဘာသာမရွေး ထိုးနှံပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံထံမှ သိရသည်။
မောင်တောမြို့နယ်အတွက် ကာကွယ်ဆေးထိုးရန်အတွက်ခွဲတန်းရရှိသည့် ကာကွယ်ဆေးလုံး အရေအတွက်မှာ (၇၇၄)လုံးဖြစ်ပြီး ကာကွယ်ဆေးတစ်လုံးလျှင် လူငါးဦးကို ထိုးနှံပေး၍ ရကြောင်းနှင့် မြို့နယ်အတွင်း အသက်(၆၅)နှစ်နှင့်အထက် ပြည်သူ (၃၈၇၀)ဦးအား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရန် အတွက် မောင်တောမြို့ပေါ်ရှိ စုရပ်(၂)နေရာဖြစ်သော မြို့မအနောက်ရပ်ကွက်ရှိ သာသနာ့ဗိမာန်နှင့် မြို့သူကြီး ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးတို့တွင် ထိုးနှံပေးမည်ဖြစ်ရာ ကျေးရွာများရှိ စုရပ်(၃) နေရာဖြစ်သော တောင်ပြို လက်ဝဲတိုက်နယ်ဆေးရုံ၊ မောရဝတီဆေးခန်း၊ ကြိမ်ချောင်း တိုက်နယ်ဆေးရုံ တို့တွင် အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား လူမျိုးဘာသာမရွေး Sinopharm အမျိုးအစား ကာကွယ်ဆေးထိုးနှံပေးခြင်းကို တစ်နေ့လျှင် လူဦးရေ ၂၀၀ ခန့် ထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး စက်တင်ဘာ(၁)ရက် နေ့မှ စက်တင်ဘာ(၁၀) ရက် နေ့ ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သက်လွင်စိုး