ကျောက်ပန်းတောင်း ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ဒုတိယ အကြိမ်ကာကွယ်ဆေးထိုးနှံခြင်းကို၊ ယမန်နေ့ နံနက်(၈)နာရီမှ ညနေ(၃)နာရီအထိ၊ ဆေးထိုးစုရပ်(၂)ခုဖြစ်သည့် မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်ကြီးနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ကျန်းမာရေးဌာနတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် လုပ်ငန်းအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ ယနေ့ ဒုတိယအကြိမ်ဆေးထိုးနှံမှု ပထမနေ့တွင် ဆေးထိုးစုရပ်(၂)ခု၌ သက်ကြီးဘိုးဘွား(၄၄၃)ဦး ထိုးနှံပေးခဲ့ပြီး၊ ယနေ့နှင့် မနက်ဖြန်များတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)