လှိုင်းဘွဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံနေမှုအား မြို့နယ်အဆင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု

လှိုင်းဘွဲ ဩဂုတ် ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ထိုးနှံပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံကြသည့် သံဃာတော်များ၊ (၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း VOLUNTEER များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် ဆေးအလုံးရေ(၂၈၅၀)လုံး၊ လူဦးရေ(၅၇၀၀)ဦးအား လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၊ ရွှေဂွန်းတိုက်နယ်ဆေးရုံ၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံ၊ ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံနှင့် ရှမ်းရွာသစ်တိုက်နယ်ဆေးရုံ စုရပ်(၅)ခုတွင် ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် အဆိုပါစုရပ်(၅)ခုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။