သာယာဝတီ သြဂုတ် ၁၃
သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့ နံနက်(၁၀)နာရီက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် သာယာဝတီခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် တင်သွင်းလွှာ များ စိစစ်ခြင်းကို သာယာဝတီခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ ပြုလုပ်သည်။
လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်တင်သွင်းလွှာများ စစ်ဆေးခြင်းကို သာယာဝတီခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်(၇) ဦးနှင့် တိုင်းဒေသကြီး(၁)နှင့်(၂) လွှတ်တော်ကိုယ်စားလှယ် လောင်းအမည် တင်သွင်းသူ (၈၆)ဦးတို့၏ ရှေ့မှောက်တွင် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းအလိုက် အမည်စာရင်းတင်သွင်း လွှာတွင် ဖော်ပြထားသောအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်များ၊ မွေးသက္ကရာဇ်တို့ မှန်ကန်ခြင်း ရှိ/မရှိ၊ မူရင်းများတင်ပြနိုင်မှုနှင့် မြန်မာနိုင်ငံတွင် တစ်ဆက်တစ်စပ်တည်း ၁၀ နှစ် နေထိုင်ခြင်းရှိ/မရှိများကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လွှတ်တော်ရွေးကောက်ပွဲ၊ ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များအတိုင်း စိစစ်ခဲ့ကြောင်း သာယာဝတီ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
သန့်ဇော်(ပြန်/ဆက်)