ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေး

ပွင့်ဖြူ ဩဂုတ် ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် စတင်ထိုးနှံပေးနေကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ဒီကနေ့ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အပါအဝင်၊ ဘုန်းတော် ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များနှင့် အသက်(၁၈)နှစ်အထက် ပြည်သူတွေကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ထိုးနှံပေးနေတာဖြစ်ပါ တယ်။ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကိုတော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုနဲ့ နေ့စဉ် နံနက် ၉ နာရီကမှ မွန်းတည့် ၁၂ နာရီအချိန်အထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ထိုးနှံပေးတာဖြစ်ပါ တယ်။ ယနေ့ ထိုးနှံပေးရမည့် ဦးရေကတော့ စုစုပေါင်း ၁၄၀ ဦးရှိပါတယ်။  ကျန်တဲ့ သူတွေကိုလည်း နောက်နေ့တွေမှာ ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ တစ်မြို့နယ်လုံးအနေနဲ့ ပထမအကြိမ် ကာကွယ်ဆေး(Sinopharm) လာရောက်ထိုးနှံသူဦးရေ ၆၀၉၂ ဦးရှိပါတယ် ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမိုးသက်ထွန်းက ပြောသည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးမှုအခြေအနေအား ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးပြီး ပြည်သူများ စိတ်အေးချမ်းသာစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

 

ရဲဝင်းနိုင်