မြိတ်မြို့တွင် စည်ပင်သာယာရေး ဝန်ထမ်းများအား ကာလဒါနအဖြစ် စေတနာရှင်တစ်ဦးမှ စားကုန်များ လှူဒါန်းပေး

မြိတ်   ဩဂုတ်   ၂၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို  နေ့စဉ်ဆောင်ရွက်လျက်ရှိသည့် စည်ပင်သာယာရေးဝန်ထမ်း(၁၆၀)ဦးအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ယနေ့ နေ့လယ်ပိုင်းက ကာလဒါနအဖြစ် ကုန်စိမ်းဒိုင် လုပ်ငန်းရှင်တစ်ဦးမှ ဂေါ်ဖီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးများ လာရောက် လှူဒါန်းပေးခဲ့သည်။

ကာလဒါနအဖြစ် ဂေါ်ဖီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးများ လှူဒါန်းခြင်းသည် စည်ပင်သာယာရေး ဝန်ထမ်းများ နေ့စဉ်လုပ်ငန်းဆောင်ရွက်နေသည့် အချိန်တွင် မီးဖိုချောင်သုံး စားသောက်ကုန်ကို တနိုင်တပိုင် အားဖြည့်ပေးသည့် သဘောဖြင့် လာရောက်လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦးလျှင် ဂေါ်ဖီ(၁)ထုပ်၊ ခရမ်းချဉ်သီး (၁)ပိဿာနှင့် ငရုတ်သီ(၁)ထုပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှူဒါန်းပေးရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည့်စိုးက ကြိုဆိုဝမ်းမြောက် စကားပြောကြားပြီး အလှူရှင် ကုန်စိမ်းဒိုင်လုပ်ငန်းရှင် ဦးအောင်သိန်းကျော်က လှူဒါန်းရသည့် ရည်ရွယ်ချက်ကို ပြောကြားသည်။ ထိုနောက် အလှူရှင်က ဝန်ထမ်းများ ကိုယ်စား သန့်ရှင်းရေးဝန်ထမ်း၊ ဈေးဝန်ထမ်း၊ မြို့သာယာ လှပရေးဝန်ထမ်းနှင့် ရုံးဝန်ထမ်းတစ်ဦးစီက စားကုန်များကို လက်ခံ ရယူခဲ့ကြပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး