ဇီးကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းပြီးမြောက်ကြောင်း လက်မှတ်ရရှိသူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်စေရန် ဒီပလိုမာနှင့် လက်မှတ်ရသင်တန်းများအကြောင်း မိတ်ဆက်ရှင်းလင်း

ဇီးကုန်း ဩဂုတ် ၁၃

တက္ကသိုလ်ဝင်တန်းပြီးမြောက်ကြောင်း လက်မှတ်ရရှိသူများနှင့် တက္ကသိုလ်ဝင်တန်း တက်ရောက်ခဲ့သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုလယ်ကူစွာရရှိစေရန် ရည်ရွယ်၍ တက်ရောက်သင်ကြားနိုင်သော ဒီပလိုမာသင်တန်းများနှင့် သက်မွေးဝမ်းကြောင်းလက်မှတ်ရ သင်တန်း များ မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပညာမော်ကွန်း ကိုယ်ပိုင် အထက်တန်းကျောင်းခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။

တက္ကသိုလ်ဝင်တန်း ပြီးမြောက်ကြောင်း လက်မှတ်ရရှိသူများ တက်ရောက်သင်ကြားနိုင်သော အသုံးချ ကွန်ပျူတာ ဒီပလိုမာသင်တန်း၊ အသုံးချအင်ဂျင်နီယာ ဒီပလိုမာသင်တန်းနှင့် အသုံးချအင်္ဂလိပ်စာ ဒီပလိုမာ သင်တန်းများတွင် စာတွေ့လက်တွေ့ သင်ကြားပေးပြီး အမှန်တကယ် လုပ်ငန်းခွင်တွင် အသုံးချလုပ်ဆောင် နိုင်မည်ဖြစ်ကြောင်းနှင့် အလားတူ တက္ကသိုလ်ဝင်တန်း တက်ရောက်ခဲ့သူများ တက်ရောက်နိုင်သော ကွန်ပျူတာဘာသာရပ်သင်တန်း၊ အင်ဂျင်နီယာ ဘာသာရပ်သင်တန်းနှင့် အင်္ဂလိပ်စာဘာသာရပ်သင်တန်း များကို တက္ကသိုလ်အသီးသီးမှ ပါရဂူဘွဲ့ရ ဆရာကြီး ဆရာမကြီးများ၊ ပညာရှင်အသင်းမှ ဘာသာရပ် ကျွမ်းကျင် ဆရာ၊ ဆရာမများ ကိုယ်တိုင် စာတွေ့လက်တွေ့ တတ်မြောက်အောင် သင်ကြားပေးပြီး၊ ကုမ္ပဏီများ ဌာနဆိုင်ရာများတွင် လက်တွေ့အသုံးချ ဝင်ရောက်လုပ်ကိုင်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုလွယ်ကူစွာ ရရှိစေနိုင်ကြောင်းကို ဆရာမကြီး ဒေါက်တာဒေါ်ကြည်ကြည်စန်းက ရှင်းလင်း ပြောကြား ခဲ့သည်။

အဆိုပါသင်တန်းများတွင် ကွန်ပျူတာနှင့်ပတ်သက်၍  hardware, software များ ပြုပြင်ထိန်းသိမ်းရေး အပိုင်းများ၊ အင်တာနက် အသုံးပြုပုံများ၊ ပရိုဂရမ်ရေးဆွဲနည်းများ၊ အင်္ဂလိပ်စာ သင်တန်းနှင့် ပတ်သက်၍ 4-skill, international grammer, 4-skill advance များကို သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါ ရှင်းလင်းမိတ်ဆက်ပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းဇော်၊ ကိုယ်ပိုင် အထက်တန်း ကျောင်းအုပ် ဆရာမကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)