လက်ပံတန်းမြို့နယ်တွင် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေး

လက်ပံတန်း   သြဂုတ်  ၂၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသော အသက် ၆၅ နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉နာရီ အချိန်မှ စတင်၍ မြို့နယ်(၂) လမ်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦးတင့်လွင်ဦးမှ  လာရောက်ကြည့်ရှု၍ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးဦးရဲဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အသက်၆၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများအား  ဒုတိယအကြိမ်  ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြသည်။

ပထမအကြိမ်တွင် အသက် (၆၅)နှစ်အထက်နှင့် အခြားဦးစားပေး ပြည်သူစုစုပေါင်း (၅၅၉၉)ဦးအား ကာကွယ်ဆေးများထိုးနှံပေးနိုင်ခဲ့ကြောင်းသိရသည်။

ဝင့်နန္ဒာဌေး