ပေါင် ဩဂုတ် ၂၉
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ကို ဇူလိုင်လ ၂၉ ရက်နေ့က စတင်ထိုးနှံပေးခဲ့ပြီး ဩဂုတ်လ ၂၉ ရက်နံနက် ၉နာရီက ကာကွယ်ဆေး ဒုတိယအကြိမ်ကို ဆေးထိုးစုရပ် (၅)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ဆေးထိုးစုရပ်များဖြစ်သော ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရှုခန်းမ၊ မုတ္တမကျေးရွာတိုက်နယ်ဆေးရုံ၊ အလှပ်ကျေးရွာတံတားဦးဘုန်ကြီးကျောင်း၊ သဲအိမ်ကျေးရွာတိုက်နယ်ဆေးရုံနှင့် ရင်ငြိမ်းကျေးရွာ အ.ထ.ကကျောင်းတို့တွင် ဆရာတော် သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့်အထက် အဘိုး/အဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူများစုစုပေါင်း (၉၁၅၈)ဦးတို့ကို ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ ၂၆ ရက်နေ့မှစ၍ ဩဂုတ်လ ၃၀ ရက်နေ့အထိ ဆေးထိုးစုရပ် (၅)နေရာ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံပေးပြီး ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကြီးကြပ်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)