ဝန်းသိုမြို့နယ်တွင် မိုးစပါးအထွက်နှုန်းကောင်းမွန်စေရေး ဓာတ်မြေဩဇာကြဲပက်ပွဲပြုလုပ်

 

ဝန်းသို ဩဂုတ် ၂၉

တောင်သူများစိုက်ခင်းအတွင်း ဓာတ်မြေဩဇာကို အချိန်ကိုက်၊အချိုးညီထည့်သွင်း ကြဲပက်ခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများကို သိရှိစေရန်နှင့် စံချိန်စံညွှန်းနှင့်အညီ စပါးအထွက်နှုန်းကောင်းမွန် စေရေးတို့အတွက် ဓာတ်မြေဩဇာထည့်သွင်းကြဲပက်ပွဲကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် မယ်ဇလီကျေးရွာအုပ်စု၊ တောင်သူကြီး ဦးဘိုတင်၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် အကျိုးဆောင် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒီကနေ့ ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနဲ့ မယ်ဇလီကျေးရွာအုပ်စုရှိ အကျိုးဆောင်တောင်သူများပူးပေါင်းပြီးတော့ ဝန်းသိုမြို့နယ်ရဲ့မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၂.၀၀)ဧက အကွက်မှာ ဂျစ်ပဆန်မြေဩဇာ ကြဲပက်ပွဲဆောင်ရွက်တာဖြစ်ပါတယ်၊ ဂျစ်ပဆန် မြေဩဇာကို မျိုးစပါး စိုက်ခင်းအတွင်း ထည့်သွင်းကြဲပက်ခြင်းအားဖြင့် ကယ်လစီယမ်နဲ့ ဆာလဖာဓာတ်များ ရရှိစေခြင်း၊ စပါးပင်များ ပုံမှန်အရွက်၊ အညွှန့်ကြီးထွားမှုတို့ကိုအားပေးခြင်း၊ အပင်၏ကြံ့ခိုင်ရေးကို ပိုမိုကောင်းမွန် စေခြင်း၊ စပါးပင် များမြန်မြန် အစိမ်းရောင်ရင့်စေကာ၊ အပင်၏အစာထုတ်လုပ်မှု ပိုမိုကောင်းမွန်စေ ပါတယ်၊ နှောင်တွင် မိုးရွာသွန်းမှု အန္တရာယ်ဖြစ်ပေါ်လာပါကလည်း အပင်ယိုင်လဲမှုသက်သာစေ ပါတယ်၊ အစေ့အဆံများပိုမို အောင်ပြီး အလေးချိန်အထွက်နှုန်းတိုးစေပါတယ်၊ ဒီလိုကောင်းတဲ့အချက်များ စပါးပင်မှရရှိစေတာကို တောင်သူများသိရှိစေလိုတဲ့အတွက်ကြောင့် အခုလိုဆောင်ရွက်ရ ခြင်းဖြစ်ပါတယ် ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေက ပြောသည်။

အဆိုပါ ဓာတ်မြေသြဇာထည့်သွင်းကြဲပက်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးက တက်ရောက်လာသော  တောင်သူများအား ပိုးမွှားရောဂါအန္တရာယ်ကာကွယ်နိုင်ရေး Yellow Sticker များအခမဲ့ပေးအပ်ခဲ့ပြီး ဝန်းသိုမြို့ နယ်အတွင်း ယခု ၂၀၂၁ခုနှစ်၌ မိုးစပါးစိုက်ဧက ၃၈၄၉၈ ဧက စိုက်ပျိုးရန်လျာထားလျက်ရှိရာ ၃၈၉၈၉ ဧကထိ စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။

ကျော်မြိုင်