ရေး သြဂုတ် ၂၉
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ယနေ့နံနက် ၉ နာရီက ဆေးထိုးစုရပ်(၃) နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ရေးမြို့နယ်၌ ဆေးထိုးစုရပ်များဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၊ တစ်ပုလ္လင် နှစ်ဆူဘုရား ဓမ္မာရုံနှင့် အထက (အဏ္ဏဝါ) ကျောင်းတို့တွင် ဆရာတော် သံဃာတော်ကြီးများ၊အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များအား ဒုတိယအကြိမ်ကာကွယ်ဆေးကို ယနေ့မှ စက်တင်ဘာလ ၂ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်သည်။ ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးကို (၁၁)ရက်အတွင်း သတ်မှတ်စုရပ်( ၅)နေရာ၌ ရဟန်းရှင်လူ၊ ပြည်သူ စုစုပေါင်း (၉၁၁၀)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း ရေးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးကြပြီး ရေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများတို့ကကြီးကြပ်၍ ရပ်ကွပ်၊ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် လူမှုရေးအသင်းအဖွဲ့များတို့က ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။