ပခုက္ကူမြို့နယ်တွင် ကျေးရွာအရောက် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

 

ပခုက္ကူ သြဂုတ် ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်ကာကွယ်ရေးတို့အတွက် ကျေးရွာအရောက် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုကို ဩဂုတ်လ ၂၅ ရက်မှစတင်၍ ကွင်းဆင်းဆောင်ရွက်ကြရာ ယခုအခါရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာအရောက် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုကို ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်မြို့နယ်အဆင့် ကော်မတီဝင် များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး များပူးပေါင်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးပို့သော ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များအား မြို့နယ်အတွင်းကျေးရွာများရှိ ကျေးလက်နေ ပြည်သူများထံ တစ်အိမ်ထောင်လျှင် Mask (၁၀)ခုနှုန်းဖြင့် အခမဲ့ဖြန့်ဝေကြရာ ဩဂုတ်လ ၂၅ရက်နေ့တွင် ကျေးရွာ(၆၂)ရွာရှိ အိမ်ထောင်စု (၇၅၄၂)စုထံသို့လည်းကောင်း၊ ဩဂုတ်လ ၂၆ရက်နေ့တွင် ကျေးရွာ(၆၅)ရွာရှိ အိမ်ထောင်စု (၉၄၅၇)စုထံသို့လည်းကောင်း၊ ဩဂုတ်လ ၂၇ရက်နေ့တွင် ကျေးရွာ(၆၃)ရွာရှိ အိမ်ထောင်စု (၁၆၈၁၃)စုထံသို့ လည်းကောင်း၊ ဩဂုတ်လ ၂၈ရက်နေ့တွင် ကျေးရွာ(၅၅)ရွာရှိ အိမ်ထောင်စု (၁၁၈၈)စုထံသို့လည်းကောင်း၊ စုစုပေါင်းကျေးရွာ (၂၄၅ရွာရှိ အိမ်ထောင်စုပေါင်း (၃၅၀၀၀)စုထံ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း ပခုက္ကူမြို့ နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရသည်။

ဘာမီသာ(မဟာဝိဇ္ဇာ)