အမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်

အမ်း သြဂုတ် ၂၉

ရခိုင်ပြည်နယ်၊ ​​ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် အသိပညာပေး နိုးဆော်ကြေညာခြင်းကို ယနေ့နံနက် (၈:၀၀)နာရီအချိန်က​ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာန ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာ နေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံကြရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်းလက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန် အသိပေးနှိုးဆော်ခဲ့သည်။

ဆက်လက်၍ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သြဂုတ်လ၃၁ရက်နေ့မှ စတင်၍ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်တို့တွင် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်၍ ပထမအကြိမ် ကာကွယ်​ဆေးထိုးပြီးသူ ပြည်သူများအနေဖြင့် ဒုတိယအကြိမ် သွားရောက်ထိုးနှံရေးနှင့် ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ချက်များကိုပါ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

 ဝင်းအိမွန်