ကြံခင်း ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများနှင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှုများကို ယမန်ရက်နေ့က ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် နံနက်(၁၀)နာရီအချိန်က ကြံခင်းမြို့ အုတ်ပုံစုပေါင်းစစ်ဆေးရေးဂိတ်သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဘက်ရဲမြို့လယ်မြေ(၁၀၀)ဧက စံပြစိုက်ခင်းအတွင်း ကွင်းအမှတ်(၅၈ဃ)၊ ဦးပိုင်အမှတ် (၁၆၉)တောင်သူ ဦးကျော်မျိုးဆွေ၏ ဧရာမင်းစပါး၊ မိုးစပါးမျိုးစေ့ထုတ် ဧက(၆၀)အား ကြည့်ရှုပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစတိုင်းသာယာနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ မေးမြန်းပြီး အားပေးစကားပြောကြားသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘက်ရဲတိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ကိုဗစ်ပိုးတွေ့လူနာ အခြေအနေများအား မေးမြန်းပြီး Oxygen Concentrator စက်တစ်လုံးနှင့် ကျန်းမာရေးဝန်ထမ်းများ အား ငွေကျပ်(၅)သိန်းအား ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်ရာ ဘက်ရဲတိုက်နယ်ဆေးရုံ ဆရာဝန် ဦးအောင်မျိုးမြတ်မှ လက်ခံခဲ့ကြောင်း သိရသည်။ ၎င်းနောက်ကြံခင်းမြို့ မြိုမရပ်ကွက် လမ်းမတော် လမ်းနှင့် မြို့ဦးရပ်ရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှုအခြေအနေနှင့် ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုခဲ့ပြီး မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှုကော်မတီနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ပြည်သူ့ဆေးရုံ သင်တန်းဆောင်ခန်းမတွင် ပြည်သူ့ဆေးရုံ ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် Oxygen Concentrator (၂)လုံး၊ PPE အစုံ(၁၀၀)၊ ပိုးသတ်ဆေးရည်(၅)ဂါလံဝင်(၂)ပုံး အပါအဝင် ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံး ပြုရန်ပစ္စည်းများနှင့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေကျပ်(၅)သိန်းကို ဝန်ကြီးချုပ်မှ ပေးအပ်ရာ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာ ဝင်းနိုင်က လက်ခံခဲ့ကြောင်း သိရ သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ညနေ(၃)နာရီအချိန်တွင် ကြံခင်းမြို့မှ မြန်အောင်မြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။