ပွင့်ဖြူ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေးအတွက် အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တာဝန်ရှိသူများက လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝမ်းတို့က အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုလုပ်ငန်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်တို့က အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ် အတွင်း အောက်ဆီဂျင်လိုအပ်သော လူနာများ အဆင်ပြေစွာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အမြန်တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ အကောင်အထည်ဖော် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း၊ ယင်း အောက်ဆီဂျင် စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ်သိန်း ၉၀၀ ကျော်ရှိကြောင်း၊ လိုအပ်သော စက်ရုံတည်ဆောက်ခြင်းနှင့် အခြားစပ်ဆက်လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒ ကရုဏာရှင်များ နာမှုကူညီရေးအသင်းနှင့် မြို့မိ မြို့ဖများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက် နေခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေကျပ် သိန်း ၇၀၀ ခန့် ကုန်ကျမည်ဖြစ် ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုးအလုံးရေ ၁၂၀ ခန့် ထုတ်လုပ်ရရှိ မည်ဖြစ်သဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြား နာမကျန်းလူနာ များအတွက် လိုအပ်သော အောက်ဆီဂျင်အား အဆင်ပြေစွာ ဖြန့်ဝေပေးသွားနိုင်မည်ဖြစ်ကြောင်း အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝမ်းထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)