သရက် ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍ သြဂုတ် ၂၇ ရက်နေ့မှစတင်ကာ ရပ်ကွက်/ ကျေးရွာများအရောက် Mobile Test Kit Motor Vehicle စစ်ဆေးရေးယာဉ်ဖြင့် စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
သရက်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းလာပြီဖြစ်သော်လည်း ရပ်ကွက်/ ကျေးရွာများ၌ ရောဂါကူးစက်မှုများရှိနေသည့်အတွက် ရောဂါကူးစက်မှုမရှိစေရန်နှင့် ဖျားနာ နေသူများ၊ သံသယရှိသူများအနေဖြင့် ရောဂါကူးစက်မှု ဆက်လက်မပြန့်ပွားစေရန်ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော Mobile Swab Team အဖွဲ့က Mobile Test Kit Motor Vehicle စစ်ဆေးရေးယာဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ရာ အုန်းမွှန်းတောကျေးရွာနှင့် တလပါးကျေးရွာတို့မှ စစ်ဆေးခံသူ (၇၆) ဦးတွင် ပိုးတွေ့ရှိသူ (၁၅)ဦးနှင့် ညနေပိုင်းတွင် ပြည်တော်အေးရပ်ကွက်၊ အနောက်ရပ်မြောက်ပိုင်း ရပ်ကွက်နှင် ရုံးရပ်ကွက်တို့၌ စစ်ဆေးပေးခဲ့ရာ စစ်ဆေးခံသူ (၉၃)ဦးတွင် (၄) ဦး ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)