မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့ ကျေးရွာလုံးကျွတ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းများ သွားရောက်ကြည့်ရှု

စလင်း ဩဂုတ် ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ တိုက်နယ်ဆေးရုံသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က ရောက်ရှိပြီး စလင်းမြို့၊ ဆင်ဖြူကျွန်းမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့မိမြို့ဖများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ Volunteer များနှင့်တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ကြီးများနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ကျေးရွာအရောက် ကွင်းဆင်းပြီး ကျေးရွာ လုံးကျွတ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT-Test Kit ဖြင့်စစ်ဆေးမည့် ကျေးရွာများနှင့် ပိုးတွေ့လူနာများ ထားရှိမည့် လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဝန်ကြီးများမှ လိုအပ်သည်များ ပေါင်းစပ်ညွှန်ကြား ဆောင်ရွက်ပေးခြင်း၊ Volunteer များအတွက် ငွေကျပ် (၈၁၀,၀၀၀) ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆင်ဖြူကျွန်းမြို့တိုက်နယ်ဆေးရုံဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး သယံဇာတဝန်ကြီး ဦးစိုင်းမြင့်အေးသည် သရက်ချဉ်ကျေးရွာအုပ်စု၊ ဇောင်ချမ်းကုန်းကျေးရွာနှင့် ရေကြည်ကျေး ရွာအုပ်စု၊ ရွာသာကုန်းကျေးရွာ အ.မ.ကကျောင်းများသို့ ကျေးရွာအရောက် ကိုဗစ်-၁၉ရောဂါ ပိုး ရှိ/မရှိ RDT-Test Kit ဖြင့်စစ်ဆေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခြင်း၊ အလားတူ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ဆုံကုန်းကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာရှိ ဦးအောင်နိုင်ဦး၏ အောင်ခေတ်စံ နွားမွေးမြူရေးခြံသို့ သွားရောက်ပြီး နွားမွေးမြူရေးအခြေအနေများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက်ဝန်ကြီးများနှင့်အဖွဲ့သည် စလင်းမြို့နယ် ကန်ပြား ကျေးရွာအုပ်စု၊ ကန်ပြားကျေးရွာရှိ ကန်ပြားကန် သဲနှုန်းဆယ်ခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မောင်လွင် (စလင်း)