မင်းဘူး(စကု)မြို့နယ် အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အသိပေးနှိုးဆော်

မင်းဘူး   ဩဂုတ်   ၂၉

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုနှုန်း မြင့်တက် လာနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တုတ်ပြန်ထားသည့်အတိုင်း မင်းဘူး(စကု)မြို့နယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် မြို့နယ်အတွင်းမှ ပြည်သူများ Stay at Home သတ်မှတ်ထားသည့်ကာလတွင် စည်းကမ်းချက်များအတိုင်း နေထိုင်သွားလာနေထိုင်ရန် မြို့ပေါ်ရပ်ကွက်နှင့် အနီးအနားရှိကျေးရွာများသို့ အသံချဲ့စက်ယာဉ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 ထိုသို့ အသံချဲ့စက် မော်တော်ယာဉ်များဖြင့် သတိပေးနှိုးဆော်ရာတွင် အဖွဲ့အစည်းများ ကုမ္ပဏီများ အနေဖြင့် နေအိမ်မှနေ၍ လုပ်ငန်းများ လုပ်ဆောင်ရန်၊ မဖြစ်မနေ ဈေးဝယ်ထွက်ရာတွင် တစ်အိမ်လျှင် (၁) ဦးသာသွားရောက်ရန်၊ ဆေးရုံဆေးခန်းများ သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် (၂) ဦးသာသွားရောက်ရန်၊ နေအိမ်မှ အပြင်သို့ သွားလာလျှင် ပါးစပ်၊ နှာခေါင်းစည်း Mask များတပ်ဆင်ကြရန်၊ တာဝန်ထမ်းဆောင်ရန် သွားရောက်ပြီး ပြန်လာမည့်သူများကိုသာ ရပ်ကွက်/ကျေးရွာ ကျော်လွန်ခွင့်ပြုရန်၊ ရပ်ကွက် ကျေးရွာအတွင်း ဈေးဝယ်ထွက်ပါက ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် (၁) ဦးနှင့် ဆေးရုံ/ဆေးခန်းများ သွားရောက်ခြင်းအတွက် ယာဉ်ပေါ်တွင် (၂) ဦးသာ သွားရောက်ရန်၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်ရောက်လာသော ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များ၊ အိမ်စီးမော်တော်ယာဉ်များ အနေဖြင့် မင်းဘူးမြို့နယ်အတွင်း ဝင်ရောက်ခြင်းမပြုဘဲ ပုသိမ်-မုံရွာလမ်းမကြီးမှတဆင့် အခြား မြို့နယ်များသို့ တိုက်ရိုက်ထွက်ခွာရန်တို့ကို  အသံချဲ့စက်ယာဉ်များဖြင့်   လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။

 ဤသို့ အသိပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က အသိပေးနှိုးဆော်ပေးပြီး ဤစည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။

ဇေယျာထက် (မင်းဘူး)