လက်ပံတန်း ဩဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်သည် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်း သိသာစွာ လျော့နည်းသွားခြင်း မရှိသေးသည့် အထူးမြို့နယ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတ်မှတ်ထားသော မြို့နယ်တစ်ခု ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြို့နယ်အတွင်းရှိ ကူးစက်မှုနှုန်းများပြားနေသော လမ်း၊ ရပ်ကွက် ကျေးရွာများကို ရွေးချယ်သတ်မှတ်ပြီး ရောဂါကူးစက်မှုနှုန်း အမှန်တကယ် လျော့နည်းစေရန် အထူးအစီအစဉ်အဖြစ် ကျန်းမာရေးစစ်ဆေးမှုများကို ဩဂုတ်လ ၂၇ ရက်နေ့မှစ၍ မြို့နယ် အတွင်း ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးလျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အဆင်ပြေစေရေးအတွက် ခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလူ၏ ဦးဆောင်မှုနှင့် အတူ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အထူးအစီအစဉ်ဖြင့် စစ်ဆေးခဲ့ရာ ဩဂုတ်လ ၂၇ ရက်နေ့တွင် ကျွန်းကလေးကျေးရွာအုပ်စု၊ ကြို့ပင်စခန်း ကျေးရွာအုပ်စု၊ မှော်အင်ကျေးရွာအုပ်စုရှိ ပြည်သူ ၁၅၆ ဦးအား စစ်ဆေးခဲ့ရာ တစ်ဦး ပိုးတွေ့ရှိခဲ့ပြီး ယနေ့တွင် ၁လမ်းမြို့မဈေးရှေ့နှင့် ကျွန်းကလေးအနောက်ဘက်ကမ်း တန် ၂၅၀ လမ်းစုံ ကိုဗစ်စည်းကမ်းထိန်းသိမ်းရေး စစ်ဆေးဂိတ်တို့တွင် ပြည်သူ ၂၆၂ ဦးအား စစ်ဆေးခဲ့ရာ(၄)ဦး ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ ပိုးတွေ့လူနာများအား ဆေးရုံသို့ ပို့ဆောင် ကုသပေးခြင်းနှင့် ထိတွေ့သူများအား ကွာရန်တင်းစင်တာများသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခြင်းကို အရှိန်အဟုန် မပြတ် ဆက်လက်စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ဝင့်နန္ဒာဌေး