မန်းရွှေစက်တော်ဘုရားကြီး ဓါတ်လှေကားဆောက်လုပ်နေမှုအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လှုမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်မှ ကြည့်ရှုစစ်ဆေး

မကွေး           ဩဂုတ်         ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားကြီး၌ ဓါတ်လှေကားဆောက်လုပ်နေမှုအခြေအနေများနှင့် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မန်းရွှေစက်တော်ဘုရားကြီးရှိ နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ ကိုးခန်းကြီးဘုရားအထိ ဆောက်လုပ်နေသော ဓါတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge) တည်ဆောက်နေမှုလုပ်ငန်းများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် လှုမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် စစ်ဆေးရေးအဖွဲ့ဝင် အင်ဂျင်နီယာများက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး  တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ချိန်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါကို အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ  x အကျယ် ၁၂ ပေဖြင့် အတက်နှင့်အဆင်းဟူ၍ Lift Tower နှစ်စင်းကို ဘုရားရန်ပုံငွေမှ ခွင့်ပြု‌ငွေကျပ် သိန်းပေါင်း (၁၆၀၀၀)ခန့်ဖြင့် တည်ဆောက်နေကြောင်း၊ ယခုအခါ လုပ်ငန်းများ ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ လုပ်ငန်းကာလမှာ (၂၉.၆.၂၀၂၁) ရက်နေ့ (၉.၁.၂၀၂၂) ရက်နေ့အထိ ၈ လအတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။

ကိုစည်သူ(မကွေး)