စစ်တွေ ဩဂုတ် ၂၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ IDPs စခန်းများမှ ပြည်သူများအား သက္ကယ်ပြင်ကျေးရွာ အမှတ်(၁၀) အခြေခံပညာအထက် တန်းကျောင်းနှင့် သက္ကယ်ပြင် IDPs စခန်းများ၌ အသက်(၄၅)နှစ်နှင့်အထက် အသက်ကြီးပြည်သူများအား Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက စတင်ပြီး ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မျိုး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒုတိယဒေသကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေး ခဲ့ကြကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်း မပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးကြခြင်းဖြစ်ကာ ဆေးထိုးနှံပြီးနောက်တွင်လည်း မိနစ် ၃၀ အကြာစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
စစ်တွေမြို့အတွင်း IDPs စခန်းများမှ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာ၌ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းတွင် အမျိုးသား ၂၅၀ ဦးကို ထိုးနှံပေး သွားမည်ဖြစ်ပြီး သက္ကယ်ပြင် IDPs စခန်းတွင် အမျိုးသမီး ၂၅၀ ဦးကို ထိုးနှံပေး သွားမည်ဖြစ်သည်။
အလားတူ စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင်းလည်း အသက်(၆၅) နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharmကို ဒုတိယအကြိမ် ထိုးနှံပေး လျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသော သက်ကြီးရွယ်အိုများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သောကိစ္စများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ပထမအကြိမ်တွင် လူဦးရေ ၉၄၈၂၆ ဦးအား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
တင်ထွန်း (ပြန်/ဆက်)