နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပိတ်ဆို့နေမှုအား ဝိုင်းဝန်းရှင်းလင်း

ထန်ပါခွေ   ဩဂုတ်   ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်များပြိုကာ သစ်ပင်များလဲကျမှုကြောင့် လမ်းများပိတ်ဆို့နေမှုအား ဩဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက်က ဌာနဆိုင်ရာများ၊ ဒေသခံများက ဝိုင်းဝန်းရှင်းလင်း‌ပေးခဲ့ကြောင်း သိရသည်။

နာဂဒေသ၊ ထန်ပါခွေမြို့တွင် ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (ထန်ပါခွေ-တာမောင်လမ်း) နှင့် (ထန်ပါခွေ-တိုင်ငံလမ်း)ကြားတွင် တောင်များ ပြိုကျကာ သစ်ပင်များလဲကျ၍ လမ်းများပိတ်ဆို့လျက်ရှိရာ ဒေသခံများ သွားလာရေး ခက်ခဲလျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းများပိတ်ဆို့၍ ဒေသခံများ သွားရေးလာရေးခက်ခဲနေမှုကြောင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံများက အဖွဲ့နှစ်ဖွဲ့ခွဲကာ ထန်ပါခွေနယ်စပ် တိုင်ဆောင်ချောင်းကြားတွင် လည်းကောင်း၊ ထန်ပါခွေနယ်စပ် တိုင်မောင်ချောင်းကြားတွင်လည်းကောင်း မြေသား များဖယ်ရှား‌ပေးခြင်း၊ သစ်ပင်များဖယ်ရှား‌ပေးခြင်းနှင့် ချောင်းအကူးတံတားများ (ယာယီ)ထိုးပေးခြင်းလုပ်ငန်းများအား ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြောင်း ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေးကြီး ဦးသက်မင်းထွဋ်၏ ပြောပြချက်အရ သိရသည်။

ဟန်ထွန်း(အင်းဝ)