စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ

ကလေး ဩဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာအနီးရှိ နတ်မြောင်းချောင်းသည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းတာရိုးကျိုးကျမှုဖြစ်ပွားခဲ့ရာ ထိခိုက် ပျက်စီးသွားသော လယ်မြေများ၊ ချောင်းမြောင်းအားပြန်လည်ပြုပြင်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးကမ်ဇာမုံနှင့် တာဝန်ရှိသူများက  ဒေသခံတောင်သူများနှင့် ယမန်နေ့မွန်းလွဲပိုင်းက ရာဇဂြိုဟ်ကျေးရွာ မင်းကျောင်းတိုက်တွင် တွေ့ဆုံခဲ့ကြကြောင်းသိရသည်။

ရှေးဦးစွာ ကလေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းလှက နတ်မြောင်းချောင်း တာရိုးကျိုးကျမှုအပေါ် ဒေသခံတောင်သူများအနေဖြင့် တင်ပြလိုသည့် အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်းဖြင့် တင်ပြနိုင်ကြောင်းပြောကြားရာ တက်ရောက် လာကြသည့် ဒေသခံတောင်သူများက တင်ပြခဲ့ကြသည်။ ထို့နောက်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးကမ်ဇာမုံနှင့် တာဝန်ရှိသူများက  ဒေသခံ တောင်သူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး  အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဝန်ကြီး ဦးကမ်ဇာမုံ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး၊ ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချို၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမီး (ခ) ဒေါ်အေးအေးမူ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းလှနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)