ရသေ့တောင် သြဂုတ် ၂၈
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ သည့် ချောင်းဝရပ်ကွက် မြို့မရဲစခန်း ရှေ့ထောင့်နား ကွန်ကရစ်ခင်း ကမ်းနားလမ်းတွင် ယမန်နေ့ ညနေ ၅ နာရီခွဲက မြစ်ရေတိုက်စားမှုကြောင့် အလျား ၁၀၀ ပေ၊ အနံ ၂၄ ပေခန့်မှာ အောက်ခံ မြေသား ကွဲအက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၉၄.၈၀၀) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် ထက်မြက်စိုးစံ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် (အလျား၁၂၀၀ ပေ၊ အနံ၂၄ပေ၊ အမြင့် ၈ လက်မ) ရှိ ကမ်းနားလမ်း ကွန်ကရစ်ခင်းဖြစ်ပြီး ယမန်နေ့ ညနေပိုင်းက မြစ်ရေတိုက်စားမှုကြောင့် အလျား ၁၀၀ပေ၊ အနံ ၂၄ ပေခန့်မှာ အောက်ခံမြေသား ကွဲအက်နိမ့်ဆင်း သွားခဲ့သည်။
ထိုသို့ မြစ်ရေတိုက်စားမှုကြောင့် ကွန်ကရစ်ခင်းကမ်းနားလမ်း အောက်ခံမြေသား ကွဲအက်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် အများပြည်သူအနေဖြင့် အန္တရာယ်မဖြစ်စေရေးအတွက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များနှင့် အနှေးယာဉ်များအား ဖြတ်သန်းသွားလာခွင့်မပြုဘဲ “အန္တရာယ်သတိပေး ဆိုင်းဘုတ်” များ စိုက်ထူပြီး ပျက်စီးနေသည့် ကွန်ကရစ်လမ်းအား အမြန်ဆုံး ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာန ကုမ္ပဏီများမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း