မိုင်းကိုင် ဩဂုတ် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်(၅)ခုအတွင်း နေထိုင်သော လူတန်းစား အမျိုးအစား (၇)မျိုးအား ယနေ့မနက် ၉ နာရီမှစ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) များကို စတင်ထိုးနှံပေးနေကြောင်း သိရသည်။
ကာကွယ်ဆေးထိုးစုရပ်များဖြစ်သော မြို့နယ်ပြည်သူ့ဆေးရုံစုရပ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနစုရပ်၊ အ.ထ.က(မိုင်းကိုင်)စုရပ် သုံးနေရာ၌ မြို့ပေါ်ရပ်ကွက်(၅)ခုရှိ အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွားများ၊ ရဟန်း သံဃာ၊ သီလရှင်များ နှင့် သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတ Volemteer လုပ်အားရှင်များ၊ တည်ခိုးခန်းများ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံများ စသည့်အမျိုးအစား(၇) မျိုးတွင် ပါဝင်သူများကို ယခုရက်ပိုင်းအတွင်း ရရှိလာသော ကာကွယ်ဆေး အရေအတွက် အပေါ်မူတည်၍ စတင် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များက ဆေးထိုးစုရပ်များ၏ အခြေအနေ ၊ တာဝန်ထမ်းဆောင်မှုအခက်အခဲများ မရှိစေရေး ကွင်းဆင်း ကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မိုင်းကိုင်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ယနေ့နေ့လယ်ပိုင်းအချိန်အထိ လူဦးရေ ၃၃၅ ဦးကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)များ ထိုးနှံပေးနိုင်ခဲ့ပြီး မနက်ဖြန် ဩဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသော ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများကိုလည်း ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးအရေအတွက်အလိုက် အားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)