ပခုက္ကူ ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ပြည်သူ့ဆေးရုံကြီး (ပခုက္ကူ) Mobile ယာဉ်ဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ကွင်းဆင်းစစ်ဆေးရာ အရာတော်ကျေးရွာမှ လာရောက် စစ်ဆေးခံယူသူ ၂၃ ဦးတွင် ကိုဗစ်-၁၉ပိုးတွေ့ အတည်ပြုလူနာ ၉ ဦးတွေ့ရှိသည်။
ပခုက္ကူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်ပိုးကူးစက်ခံရမှု ရှိ/မရှိ အခြေအနေသိရှိနိုင်ရေး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ပြည်သူ့ဆေးရုံကြီး (ပခုက္ကူ) Mobile ယာဉ်ဖြင့် အခမဲ့ ကွင်းဆင်းစစ်ဆေးကြရာ နံနက်ပိုင်းတွင် အရာတော်ကျေးရွာမှ လာရောက်စစ်ဆေးသူ ၂၃ ဦးတွင် ၉ ဦးပိုးတွေ့ရှိပြီး ဆိက္ခဝကျေးရွာမှ ၁၇ ဦး လာရောက်စစ်ဆေးရာ ပိုးတွေ့သူ မရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်း ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိနိုင်ကြောင်း သံသယဖြစ်ပါက ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံးကြီးတွင် နံနက် ၈နာရီခွဲမှ ၁၀ နာရီအတွင်း RDT Test Kit ဖြင့် လာရောက်စစ်ဆေးမှု ခံယူနိုင်ကြောင်း၊ Stay at Home(နေအိမ်နေထိုင်ရေး) အကျုံးဝင်သည့် မြို့ဖြစ်သည်နှင့်အညီ မြို့ပေါ်သို့လာရောက်စစ်ဆေးရန် အခက်အခဲဖြစ်ပေါ်သည့် ကျေးရွာရှိပြည်သူများ အား ပြည်သူ့ဆေးရုံကြီး(ပခုက္ကူ) Mobile ယာဉ် (ကိုဗစ်ပိုးစစ်ဆေးရေးယာဉ်) ဖြင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းနှစ်ဦး၊ ကျေးလက်ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်စေတနာ့ဝန်ထမ်းများစုပေါင်းပြီး အခမဲ့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင် ရွက်မည်ဖြစ်သည်။
ပခုက္ကူမြို့နယ်တွင် ဩဂုတ်လ၂၇ရက်နေ့အထိ ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံမှတ်တမ်းအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၁၆၂) ဦးနှင့် သေဆုံးသူ (၁၀၇) ဦးအထိ ရှိလာပြီး ကိုဗစ်-၁၉ ပိုးရှိ/မရှိ ဆက်လက် စစ်ဆေးနိုင်ရေးအတွက် မကွေးတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ RDT Test Kit (၁၅၀၀) ခုနှင့် မမြသန္တာဝင်းဖုန်းနှင့် ကုန်မျိုးစုံ ဖြန့်ချိရေး (ပခုက္ကူမြို့) မှ RDT Test Kit (၁၀၀၀) ခု လှူဒါန်းကြကြောင်း သိရသည်။
ဘာမီသာ(မဟာဝိဇ္ဇာ)