သက်တမ်းလွန် ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ဟားခါး   သြဂုတ် ၁၃

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မွန်မွန်ခိုင် (ဆေးဝါးဓာတ်ခွဲ) ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ ဆေးဆိုင်များနှင့် အလှကုန်ပစ္စည်းအရောင်း ဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများ၊ ဌာနမှထုတ်ပြန် ထားသည့် သုံးစွဲရန်မသင့် အလှကုန်ပစ္စည်းများနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ပူးပေါင်းကော်မတီအဖွဲ့များတွင် ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊  စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့  ပါဝင်ပြီး ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ ဆေးဆိုင်များနှင့် အလှကုန်ပစ္စည်း အရောင်းဆိုင် (၁၈)ဆိုင်ကို ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် သက်မှတ်စံနှင့် ကိုက်ညီမှုမရှိသည့် ဆေးဝါးများ၊ အလှကုန်ပစ္စည်းများနှင့် အစားအသောက်များ ရောင်းချမှု မရှိစေရေး လစဉ်ကွင်းဆင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်စွာဟိန်း ခရိုင်(ပြန်/ဆက်)