ကျိုက်ဒုံမြို့တွင် ဒုတိယအကြိမ်(၆၅)နှစ်နှင့်အထက် ဦးစားပေးထိုးသင့်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများဆောင်ရွက်

ကျိုက်ဒုံ ဩဂုတ် ၂၈

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ (အ.ထ.က)ကျောင်းတွင် ယနေ့ နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျေးလက်ကျန်းမာရေး ဝန်ထမ်းများက ကျိုက်ဒုံမြို့တွင်နေထိုင်သည့် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ ဦးစားပေး ထိုးသင့်သည့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteer/ ပရဟိတအဖွဲ့များ၊ သံဃာတော်များ၊ နိုင်ငံဝန်ထမ်များ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သူများ၊ဈေးရောင်းသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျိုက်ဒုံမြို့၌ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် ကျိုက်ဒုံမြို့ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊တာဝန်ရှိသူများက အသက်(၆၅)နှစ် အထက်နှင့် ဦးစားပေးထိုးသင့်သူများ အားစာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ် ဆေးထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်