ထီးလင်း သြဂုတ် ၁၃
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုး ရငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်း များ ရာနှုန်းပြည့်နီးပါးပြီးစီးပြီဖြစ်၍ အဆိုပါလုပ်ငန်းများကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ ခရိုင်တည်ဆောက်ရေး လုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ် ရေးမှူး ဦးကျော်မင်းညို နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်(ထီးလင်း) ဒေါ်ယဉ်ယဉ်အောင်၊ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်း စစ်ဆေးကြ ကြောင်း သိရသည်။
ဂန့်ဂေါခရိုင်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီသည် ထီးလင်းမြို့နယ် အတွင်းရှိ ကဇွန်းထောင့်ကျေးရွာမြေနီကျောက်စရစ်ကုန်ထုတ်လမ်း အရှည်၁မိုင်၁ဖာလုံ၊ အကျယ် ၁၅ပေ၊ ဝါးဘိုးချောင်ကျေးရွာရှိ အရှည်၁-မိုင်၊၄ ဖာလုံ၊ အကျယ် ပေ၃၀မြေသားလမ်း၊ ဝက်သက်ရွာနှင့် ထီးလင်းမြို့တို့ဆက်သွယ်ထားသည့်လမ်းတွင် သံကူကွန်ကရစ် တံတားအရှည် ပေ၃၀၀၊ အကျယ် ၁၃ ပေ ၉လက်မ၊ ဝက်သက်တောင်ကျေးရွာ ရေသွယ်မြောင်းတို့ကို ကြည့်ရှု စစ်ဆေးရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သတ်၍ ရှင်းလင်း တင်ပြကြသည်။
ထို့ပြင် တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီအဖွဲ့သည် ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါ ကားလမ်း မိုင်တိုင်အမှတ်(၈၄/၀)နှင့်(၉၅/၀)ကြားရှိ ကျောက်ကြီးစီ မြေထိန်းနံရံ၊ပေါက်-ထီးလင်း လမ်းမှ တိကျေးရွာမြေသားလမ်း အရှည်၂ မိုင် ၃ဖာလုံ၊ အညာဘန်းကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်း၊ ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါ ကားလမ်း(၄)ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်း၊ ကျင်းရွာ တောင်အို ဆည်စသည့် တည်ဆောက် ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးကြသည်။
ထီးလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် သန်း(၃၀၀၀) ကျော်ဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း(၄၅၀)ခု နှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့် ပြုရန်ပုံငွေကျပ်သန်း (၃၀၀၀) ကျော်ဖြင့်ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း (၃၀၈)ခု ရှိကြောင်း ခရိုင်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီထံမှသိရသည်။
အောင်စည်(ပြန်/ဆက်)