ကျောင်းကုန်းမြို့တွင် ဒါးကမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၄)သိန်းခွဲ ငါးမျိုးစိုက်ထည့်

ကျောင်းကုန်း   ဩဂုတ်   ၂၈

ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့်ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ငါးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ငါးသယံဇာတတိုးပွားရေး၊ ငါးစားသုံးမှု ဖူလုံစေရေးနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေရန် မျှော်မှန်း၍ ကျောင်းကုန်းမြို့ ကမ်းနားလမ်း အောင်ဆန်းတံတား၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ဒါးကမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ပုသိမ်ခရိုင် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်စစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်၊ အတွင်းရေးမှူး ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ကျောင်းကုန်းမြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ် စစ်ဆေးရေး ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဝင်းရှိန်၊ အတွင်းရေးမှူး မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများက သဘာဝရေပြင်ဖြစ်သော ဒါးကမြစ်အတွင်းသို့နှစ်လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ (၂)သိန်း၊ ငါးခုံးမကြီးကောင်ရေ(၁)သိန်းခွဲ နှင့် ရွှေဝါငါးကြင်း ကောင်ရေ(၁)သိန်း၊ စုစုပေါင်း ငါးကောင်ရေ(၄)သိန်းခွဲတို့အား ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)