နမ္မတူတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

နမ္မတူ   ဩဂုတ် ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယနေ့နံနက် (၈)နာရီအချိန်ခန့်က စတင်ကာ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးရာတွင် ဇူလိုင်လ (၃၀)ရက်နေ့မှ ဩဂုတ်လ (၂)ရက်နေ့အတွင်း  နမ္မတူမြို့နယ်ရှိ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသော အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၇၃)ဦး၊ သံဃာတော် ၆ဦး၊ စေတနာ့ဝန်ထမ်း ၆၇ဦး၊ နိုင်ငံဝန်ထမ်း ၄၇ဦး၊ ဝန်ထမ်းမိသားစု ၉၀ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ၂၄ဦး စုစုပေါင်း ၅၀၇ဦးအား ဆေးထိုးနေရာ နှစ်နေရာခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ‌ပေးလျက်ရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ စစ်ဗျူဟာအခြေချ (နမ္မတူ)မှ ဆေးဆရာဝန်များ၊ သူနာပြုများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

လူမော် (ပြန်/ဆက်)