ဖြူးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ပြုလုပ်ပေးလျက်ရှိ

ဖြူး ဩဂုတ် ၂၈ 

ပဲခူးတိုင်းဒေသကြီး၊   တောင်ငူခရိုင်၊   ဖြူးမြို့နယ်၌ လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ဖြူးမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား အိမ်ထောင်စု လူဦးရေစာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက အသက်(၁၆)နှစ်ပြည့်သူများအား အဆိုပါရုံးတွင် ဆက်လက် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်နှင့် စပ်လျဉ်း၍ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက ရှင်းလင်းပြောကြားခဲ့ပြီး ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလုပ်ဆောင်ရန် လိုအပ်သူများဖြစ်သည့် အသက်(၁၆)နှစ်ပြည့်သူများ ဖြစ်သည့် မြို့မအနောက်ရပ်ကွက်ရှိ ကျား(၃၂)ဦး၊ မ(၆၁)ဦးတို့အား ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးလှမျိုးသိန်းနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းတို့က ပေးအပ်ခဲ့ကြောင်းနှင့် ဖြူးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် မေလပိုင်းမှ စတင်ကာ အိမ်ထောင်စု လူဦးရေစာရင်း(၂၃၁)စု၊ နိုင်ငံသား စိစစ်ရေးကတ်ပြား(၆၇၂)ဦး ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ 

နေမျိုးလွင်