ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)စတင်ထိုးနှံပေး

ငါးသိုင်းချောင်း  ဩဂုတ်  ၂၈ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်း‌ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကာကွယ်‌ဆေးထိုးစုရပ်၌ ယမန်နေ့နံနက် ၈ နာရီအချိန်မှ စတင်၍ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်‌အောင်နှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

ယခုဆေးထိုးနှံသူများသည် ဇူလိုင်လ(၃၀)ရက်နေ့က ပထမအကြိမ်ထိုးနှံခဲ့ကြသော အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၆၀)ဦးအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပြီးစီးသူများကို ကာကွယ်ဆေးထိုးပြီးကြောင်း ဘားကုဒ်စနစ်ပါ ကာကွယ်ဆေးထိုးမှတ်တမ်း ကဒ်ပြားများပေးအပ်မည်ဖြစ်ပြီး သက်သေခံကဒ်များကို စနစ်တကျ သိမ်းဆည်း ထားရမည်ဖြစ်ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့အနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို သေဆုံးမှုလျော့ချရေး၊ ရောဂါကူးစက် ပြန့်ပွားမှု တားဆီးရေး၊ နိုင်ငံစီးပွားရေးထိခိုက်မှု ဖြစ်ပွားစေနိုင်မည့် အခြေအနေများ မဖြစ်ပေါ်စေရေးတို့ကို ရည်ရွယ်၍ ဦးစားပေးအုပ်စုများ ခွဲခြားထိုးနှံပေးကြောင်း သိရှိရသည်။                               

ဝတီလွင်