ကျောင်းကုန်းမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ‌ရေး ဆောင်ရွက်

ကျောင်းကုန်း ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့ထိပ်ရှိ ဗိုလ်ချုပ်ပန်းခြံနှင့် လမ်းဘေးဝဲယာတလျောက် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးဆောင်ရွက်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်နှင့် အဖွဲ့ဝင် (၂) ဦးတင်မောင်တို့က ကြည့်ရှုအားပေးခဲ့ပြီး၊ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး ဒေသခံပြည်သူများပါ အတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန် အသိပေး ပြောကြားခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်း ဦးဆောင်၍ စည်ပင်သာယာရေး ဝန်ထမ်းများက မြို့ထိပ်ဗိုလ်ချုပ်ပန်းခြံအတွင်း မြက်ဖြတ်ခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး မြောင်းတူးဖော်ခြင်း၊ မြို့အဝင် လမ်းဘေးဝဲယာတလျှောက် သန့် ရှင်းသာယာလှပစေရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်