အမာ ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ဒုတိယ)အကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အမာမြို့ပေါ်ရပ်ကွက်(၄)ခုနှင့် မြို့အနီးကျေးရွာများမှ ဇူလိုင်လ(၃၁)ရက်နေ့တွင် (ပထမ) အကြိမ် ကာကွယ်ဆေးထိုးနှံပေးပြီးသော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၅၃) ဦးအား (ဒုတိယ)အကြိမ် ကာကွယ်ဆေးထိုးနှံပေးတာဖြစ်ပြီး အမာမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ဆေးထိုးစုရပ် ဖွင့်လှစ်ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးမှ ကြီးကြပ်၍ ဌာနဆိုင်ရာ အကြီးအကဲများနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် တန်ဖိုးရှိသောတွဲလက်များအဖွဲ့ဝင်များက သက်ကြီးဘိုးဘွားများအား ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေး အတွက် ကြည့်ရှု့စောင့်ကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။
အရှေ့ဖျားကျေးရွာ၊ တယ်ပင်ဆိပ်ကျေးရွာများရှိ ဆေးထိုးစုရပ် အသီးသီးတွင်လည်း ကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံပြီးသော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း စိစစ်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူထံမှ သိရသည်။