ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေအမှတ် ၂၀၇၀ စင်တီမီတာသို့‌ ရောက်ရှိ၊ စိုးရိမ်ရေအမှတ် ရောက်ရှိရန် ၈၀ စင်တီမီတာလို

ပခုက္ကူ   ဩဂုတ်     ၂၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်‌ရေသည် ရေအမှတ် ၂၀၇၀ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၈၀ စင်တီမီတာသာ လိုတော့ကြောင်း ပခုက္ကူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံးမှ သိရသည်။

မြစ်ရေမြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်အတွင်းရှိ ကျွန်း‌ကျေးရွာများ၊ ဧရာဝတီမြစ်ကမ်း တစ်လျောက် မြေနိမ့်ပိုင်းကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင်လည်း မြစ်ရေများ စတင် ဝင်ရောက်နေပြီး နှစ်စဉ် ပုံမှန်မြစ်ရေဝင်ရောက်သည့် နေရာများဖြစ်ကြောင်း  သိရသည်။

မြစ်ရေဝင်ရောက်သည့် ကွန်းရွာအုပ်စု ကျွန်းပုလုကျေးရွာနှင့် ခြောက်ဦးသားကျေးရွာများသို့ ယမန်နေ့နံနက်ပိုင်းက ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဝန်ထမ်းများက ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့သည်။

ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၌ စိုးရိမ်ရေအမှတ်မှာ ၂၁၅၀ စင်တီမီတာ ၇၀ဒသမ၅‌ပေ ဖြစ်ကြောင်း၊ သြဂုတ်၂၈ရက်နံနက်၆နာရီခွဲအချိန် တိုင်းထွာချက်အရ ၂၀၇၀စင်တီမီတာ၊ ၆၇ဒသမ၉‌ပေအထိ ရောက်ရှိခဲ့ပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၈၀စင်တီမီတာ လိုသေးကြောင်း ပခုက္ကူခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဦး‌နေဝင်းက ပြောကြားချက်အရသိရသည်။

ဇော်