ညောင်လေးပင် ဩဂုတ် ၂၈
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ညောင်လေးပင်မြို့နယ်အတွင်း ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ရွေ့လျား မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ရွေ့လျားမော်တော်ယာဉ်ဖြင့် ဆောင်ရွက်မှုအား အထူးစီမံချက်တစ်ရပ်အနေဖြင့် သုံးရက်လိုက်လံ စစ်ဆေး ဆောင်ရွက် မည်ဖြစ်ပြီး၊ အဓိကဦးစားပေးအနေဖြင့် အချုပ်သားများ၊ လူအများနှင့်ထိတွေ့ဆက်ဆံရ သောဌာန ဆိုင်ရာများ၊ ဘဏ်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ အဝေးပြေးယာဉ်မောင်း နှင့်ယာဉ်နောက်လိုက် များ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမူများပြားသောရပ်ကွက်၊ ကျေးရွာများသို့ လိုက်လံစစ်ဆေးပေး၍ ပိုးတွေ့လူနာ များတွေ့ရှိပါက အဆိုပါလူနာနှင့် ထိတွေ့သူများအား သက်ဆိုင်ရာ Quarantine Center များသို့ အချိန်နှင့် တစ်ပြေးညီ ပို့ဆောင်၍ စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့နိုင် ၏ ပြောကြားချက်အရသိရသည်။
ရှေးဦးစွာညောင်လေးပင်မြို့အချုပ်ထောင်တွင်ရှိသော အချုပ်သားများအားလည်းကောင်း၊ မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများ၊ရဲတပ်ဖွဲ့ဝင်များ၊ ပင်စင်လာရောက်ထုတ်ယူသူပင်စင်စားဝန်ထမ်းများ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ အားလည်းကောင်း စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ တစ်ဦးစစ်ဆေးတွေ့ရှိရပြီး ရောဂါပိုးတွေ့ရှိမှုများပြားသော ပြွန်တန်ဆာမြို့ ချောင်းရင်းကျေးရွာ သို့သွားရောက်ကာ ဆက်လက်စစ်ဆေးပေးခဲ့ကြသည်။
ရွေ့လျားမော်တော်ယာဉ်ဖြင့် လှည့်လည်စစ်ဆေးရာတွင် လုပ်ငန်းများအဆင်ပြေစွာဆောင်ရွက်နိင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးနေလင်း၊ ဦးဇော်မင်းယု၊မြို့နယ်ဆရာဝန်ကြီးဒေါက်တာစောကလျာနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်နှင့် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များကလိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)