ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးခြင်းကို ဒေသခံ ပြည်သူများ အဆင်ပြေစေရန် နေရာ(၄)နေရာခွဲ၍ ထိုးနှံဆောင်ရွက်ပေးသွားမည်


ပွင့်ဖြူ ဩဂုတ် ၂၇


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို ယခုလ ၂၉ ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများ အဆင် ပြေစွာ ထိုးနှံနိုင်ရေးအတွက် နေရာ(၄)နေရာခွဲ၍ ထိုးနှံပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူ မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ဒုတိယအကြိမ် ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၄)နေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာ (အ.ထ.က)ကျောင်း၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က)ကျောင်းနှင့် မဲဇလီကျေးရွာ(အ.ထ.က)ကျောင်းတို့တွင် အခက်အခဲမရှိ အဆင်ပြေစွာ ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိကြောင်း သိရပြီး ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူ များက ဆေးထိုးစုရပ်နေရာများသို့ သွားရောက်ကာ စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေး ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများကို တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေး ပြောကြား၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ဩဂုတ်(၁)ရက်နေ့မှ (၁၁)ရက် နေ့အထိ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ သံဃာတော်များနှင့် သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အခြားပုဂ္ဂလိကမှ ဝန်ထမ်းများ၊ ဟိုတယ်မိုတယ်မှ ဝန်ထမ်းများ၊ အကျဉ်း/အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ၊  Volunteer အဖွဲ့ဝင်များ၊ ဈေးသည် များနှင့် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများကို ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်းဦးရေ ၆၀၉၂ ဦး လာရောက်ထိုးနှံခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံက သိရသည်။
ရဲဝင်းနိုင်
( ညောင်ဦး )