ကန့်ဘလူ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ခုတင် ၁၀၀ ပြည်သူ့ဆေးရုံဝင်းအတွင်း အနောက်မြောက်ဘက် မြေကွက်လပ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခေတ္တအုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူနှင့် အဖွဲ့ဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုး၊ မြို့မိမြို့ဖအဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြပြီး တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး တွင် နေရာယူ၍ မင်္ဂလာအချိန်တွင် ပန္နက်ရိုက်ခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကုမ္ပဏီ၊ ပရဟိတအဖွဲ့များ၊ ဒေသခံပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်းနှင့် စက်ရုံ လည်ပတ်နိုင်ရန်အတွက် ၁၀၀ ကေဗွီ ထရန်စဖော်မာ တစ်လုံးကိုလည်း အလှူရှင်များ၏ စုပေါင်း လှူဒါန်းမှုဖြင့် တစ်ပြိုင်တည်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံမှာ Steel structure ဖြစ်ပြီး အလျား ၃၅ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၂ ပေရှိကာ ကျပ် ၁၃ သန်းဖြင့် တည်ဆောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသခြင်း လုပ်ငန်းများ၊ အောက်ဆီဂျင်လိုအပ်သူများအတွက် အသုံးပြုနိုင်ရန် အမြန်ဆုံးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း