မော်လမြိုင် သြဂုတ် ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးကို ပထမအကြိမ်ဇူလိုင်၂၉ရက်မှ စတင်ထိုးနှံပေးပြီး ယခုဒုတိယအကြိမ် ကာကွယ်ဆေးကို ယနေ့နံနက်၉နာရီကမြို့နယ်အတွင်း ကျောင်းတိုက်များမှ သံဃာတော်များ၊သီလရှင်များအား ပြည်နယ်ခန်းမတွင် စတင်ထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ပရဟိတလူမှုကူညီရေးအဖွဲ့ဝင်များက ပူးပေါင်း၍ သာသနာ့ဗိမာန်၊ ပြည်နယ်ခန်းမ၊ အ-ထ-က(၉)မော်လမြိုင်၊ အ-ထ-က(၂)လှိုင်၊ အ-ထ-က(၁၂) မြိုင်သာယာနှင့် အ-ထ-က(ညောင်ပင်ဆိပ်၊စက်မှုဇုံ)တို့၌ စုရပ်(၆)နေရာခွဲ၍ နေ့စဉ်သတ်မှတ် ဦးရေအလိုက် ထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးစားပေး အုပ်စုအလိုက် အသက်(၆၅)နှစ် အထက် သက်ကြီးများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံဝန်ထမ်း များနှင့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ Standard Operation Procedure (SOP) (၁၂) ချက်အညီ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)ကို တစ်ဦးလျှင်(၁)ပုလင်းနှုန်းဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)