ဘိုကလေး ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောင်တော်မူဘုရားကြီး၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်း များနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းကာ ဇူလိုင်(၃၀)ရက်နေ့တွင် ပထမအကြိမ်ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော ရဟန်းသံဃာများ၊ အသက်(၆၅)နှစ် အထက်မိဘပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက်(၉)နာရီ၌ စတင်ဆောင်ရွက်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးအေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များမှ လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူ မိဘပြည်သူများအား ရင်းနှီးစွာ နှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် ကာကွယ်ဆေးထိုးကြမည့် ရဟန်းသံဃာများ၊ မိဘပြည်သူများအား ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးကြောင်း အထောက်အထားကတ်ပြားများပါ ပြန်လည်ပေးအပ် သွားမည်ဖြစ်သဖြင့် ကာကွယ်ဆေးထိုးနှံမည့်သူများအနေဖြင့် သာသနာတော်ဆိုင်ရာကတ်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ တစ်ပါတည်း ယူဆောင်သွားရန် လိုအပ်ကြောင်း တာဝန်ရှိသူ များထံမှ သိရသည်။
မိုးစက်(ဘိုကလေး)