မော်လိုက်မြို့နယ်၌ သဘာဝဘေးကျရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေး ချင်းတွင်းမြစ်အတွင်း ဇာတ်တိုက်လေ့ကျင့်

မော်လိုက်     သြဂုတ်       ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ မိုးရာသီကာလ သဘာ၀ဘေးများကျရောက်လာပါက လျင်မြန်ထိရောက်စွာကူညီကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက မြို့မဘုန်းတော်ကြီးကျောင်းရှေ့ ချင်းတွင်းမြစ်ကမ်းဘေးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာသို့ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပြီး  ခရိုင်မီးသတ်ဦးစီးမှူး ဦးနိုင်ဇံ ဦးဆောင်သည့် မီးသတ် တပ်ဖွဲ့ဝင်များက သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ခွင့်ပြုချထား ပေးသည့် စက်လှေများဖြင့် ချင်းတွင်းမြစ်အတွင်း အစုန်အဆန် မောင်းနှင်ခြင်းများကို ဇာတ်တိုက် လေ့ကျင့်ပြသခဲ့ကြသည်။

မော်လိုက်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက လျင်မြန်စွာ ကူညီ ဆောင်ရွက်နိုင်ရေးအတွက် စက်ပစ္စည်းများ၊ ကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား ကြိုတင်စီမံဆောင်ရွက်ထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေး စီစဉ်ဆောင်ရွက် ထားကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ရုံးမှ သိရသည်။                  

မော်လိုက်သားလေး