ပခုက္ကူမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း အနာကြီးရောဂါသည်များအား အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့

ပခုက္ကူ  ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း စားသောက်ရေးခက်ခဲသည့် အနာကြီးရောဂါသည် ဝေဒနာရှင်များအား အခြေခံစားနပ်ရိပ်က္ခာများထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀နာရီတွင် ဆောင်ရွက် ကြသည်။

အဆိုပါအခြေခံစားသောက်ကုန်များကို တရုတ်နိုင်ငံ၊ရွှေလီမြို့ရှိ ရွှေရောင်တွဲလက်များပရဟိတအဖွဲ့မှ ဦးဆောင် လှူဒါန်းခြင်းဖြစ်ပြီး  ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်၊ ပခုက္ကူခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊  ဒေသခံပရဟိတအဖွဲ့တာဝန်ခံ ဦးသန်းကျော်သူနှင့် တေးသံရှင် ဇွဲပြည့်တို့ပူးပေါင်းပြီး  ကိုဗစ်-၁၉ကာလအတွင်း စားသောက်ရေးအခက်အခဲဖြစ်နေကြသည့် ပခုက္ကူမြို့၊အမှတ်(၁၄) ရပ်ကွက်ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၌ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) အခု ၅၀ပါ ရှစ်ဗူး၊ ဆန်(၂၄)ပြည်၊ ဆီ လေးပိဿာ၊ ငါးသတ္တာရှစ်ဗူး၊ လက်ဖက်အကြော်စုံ ရှစ်ဗူးနှင့်အခြားစားသောက်ကုန်ပစ္စည်းများ၊ အမှတ်(၁၅)ရပ်ကွက်၊ (၇)အိမ် တန်းရှိ အနာကြီးရောဂါဝေဒနာရှင်အိမ်ထောင်စု(၃၀)စု၊ ပခုက္ကူ ဘူတာရုံအနီးရှိ လိုအပ်သည့်အိမ်ထောင်စုများ၊ မြို့ပေါ်ရှိ  ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားပြီး ပြန်လည် ပျောက်ကင်းသွားသူများနှင့် ၎င်းတို့၏မိသားစုဝင်များစသည့်  စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့ နေရသည့်  အိမ်ထောင်စုပေါင်း(၆၀)စုတို့အတွက် တစ်အိမ်ထောင်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) အခု ၅၀ပါတစ်ဗူး၊ ဆန်သုံးပြည်၊ ဆီ၅၀ ကျပ်သား၊ ငါးသတ္တာတစ်ဗူး၊ လက်ဖက်အကြော်စုံ တစ်ဗူးစီနှင့် အခြားစားသောက်ကုန်ပစ္စည်းများကို သွားရောက်ထောက်ပံ့ လှူဒါန်းကြကြောင်းသိရသည်။   

ပခုက္ကူမြို့ပေါ်ရပ်ကွက်များနှင့်မြို့နယ်အတွင်းကျေးရွာများရှိ ကိုဗစ်-၁၉ရောဂါကူးစက် ပျံ့နှံ့ဖြစ်ပွား နေသည့်ကာလ အတွင်း စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသည့် အိမ်ထောင်စုများကိုလည်း အိမ်တိုင်ရာရောက် ဆက်လက်ကူညီ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း  ဒေသခံပရဟိတအဖွဲ့ တာဝန်ခံ ဦးသန်းကျော်သူက ပြောသည်။

ဆလိုင်းကိုကီး