ပဲခူး သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရန်အတွက် ပြည်သူများ အပြင် ထွက်တိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များ လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေး Mask Campaginကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယနေ့နံနက (၀၈:၀၀) နာရီအချိန်က ပဲခူးမြို့ ဥဿာ(၇)ရပ်ကွက် ပင်စည်ဈေး နှင့် ဇိုင်းဂနိုင်းမြောက်ရပ်ကွက် ဘူတာဈေးတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ Mask Campaginကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့် ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်း ဦးဆောင်မှုဖြင့် အဖွဲ့ဝင်ဦးအောင်ကျော်ထွန်းနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ အင်အား(၂၀)ဦးတို့သည် ပဲခူးမြို့ဥဿာ(၇)ရပ်ကွက် ပင်စည်ဈေးနှင့် ဇိုင်းဂနိုင်းမြောက်ရပ်ကွက်ဘူတာဈေးတို့တွင် ပြည်သူများသတိလက်လွှတ်ဖြစ်ပြီး Maskမတပ်ဆင်ဘဲသွားလာမှုများကို Mask တပ်ဆင်ပြီးမှသွားလာရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများလိုက်နာစေရန်နှင့် ကိုဗစ်-၁၉ ရောဂါဆိုးကြီးကို မိမိကစပြီး မိမိအသိစိတ်ဓာတ်ဖြင့်စ၍ ကာကွယ်မှသာ ရောဂါကွင်းစက် ပျက်တောက်ပြီး ရောဂါကူးစက်မှုကို လျော့ချနိုင်မည်ဖြစ်ကြောင်း မလိုအပ်ဘဲနှင့် အပြင်သို့ မထွက်ခွာရန်နှင့် လိုအပ်၍အပြင်ထွက်ခွာပါက ပါစပ်နှာခေါင်းစည်း Maskကို တပ်ဆင်ပြီးမှသာ အပြင်သို့ထွက်ခွာရန် အသိပညာပေးခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
ဌေးဌေးကြည်