ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကျောက်ကြီးမြို့နယ်ရှိ ဒေသခံပြည်သူများအား ဆန်တစ်ပြည် (၁၀၀၀)ကျပ်နှုန်း ရွေ့လျားမော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချ

ကျောက်ကြီး သြဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီစဉ်အရ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်စည်ပင်သာယာအဖွဲ့ပိုင်း မော်တော်ယာဉ်ဖြင့် ကျောက်ကြီးမြို့ပေါ် ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အစဉ်ပြေစေရန် ဆန်တစ်ပြည်(၁၀၀၀)ကျပ်နှုန်းဖြင့် လှည့်လည် ရောင်းချပေး ခဲ့ကြောင်း သိရသည်။

လှည့်လည်ရောင်းချမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီစဉ်အရ ကျောက်ကြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း စီမံမှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက (ရန်ကုန် ဇေယျာ ဆန် အမျိုးအစား) ဆန်အား တစ်ပြည် (၁၀၀၀)ကျပ်နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား စားသောက်ရေးအခက်အခဲမဖြစ်ပေါ်စေရန် ဌာနပိုင် မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြသည်။

ကျောက်ကြီးမြို့နယ်တွင် သြဂုတ်လ ၂၅ ရက်နေ့ မှစ၍ ဆန်အိတ် (၁၅၀)အိတ်မှာယူ ရောင်းချပေးလျှက်ရှိပြီး လက်ရှိအချိန်အထိ အိမ်ထောင်စု (၁၅၇)စု၊  ဆန်အိတ်(၈၅)အိတ်အား ရောင်းချပေးပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး   ဒေသခံပြည်သူများ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ဆန်များ ရောင်းချပေးနိုင်ရန် စီမံဆောင်ရွက်ပေးထားလျှက်ရှိကြောင်း မြို့နယ်    ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌထံမှ သိရှိရသည်။