ကြံခင်း ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးအဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယ) အကြိမ် ထိုးနှံ ပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စတင်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ကြံခင်းမြို့ပေါ် ရပ်ကွက်(၃)ခုမှ ဇူလိုင်လ(၃၀)ရက်နေ့တွင် (ပထမ)အကြိမ် ကာကွယ် ထိုးနှံပေးပြီးသော အသက်(၆၅) နှစ်နှင့် အထက်သက်ကြီးအဘိုးအဘွား(၂၄၅)ဦးအား (ဒုတိယ) အကြိမ်ကာကွယ်ဆေးထိုးနှံပေးတာဖြစ်ပြီး မြို့မရပ်ကွက် ဒီပင်္ကရာဘုရားတန်ဆောင်းနှင့် ရွာသစ်ရပ်ကွက် ရွှေပြည်အေး(၁၁)ထပ်ဘုရားကြီးတွင် ဆေးထိုးစုရပ်ဖွင့်လှစ်ထိုးနှံ ပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံစုရပ်များတွင် စိစစ်ကြီးကြပ်ရေးအဖွဲ့များဖြစ်သော တာဝန်ကျ မြို့နယ် အဆင့်ဌာန ဆိုင်ရာအကြီးအကဲနှင့် သက်ဆိုင်ရာကျန်းမာရေးဌာနမှတာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့များပူးပေါင်းပြီး သက်ကြီးအဘိုး အဘွား များအား ကာကွယ်ဆေးမထိုးမှီအပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေး အတွက် ကြည့်ရှု့စောင့်ကြပ်ဆောင်ရွက်ပေးကြကြောင်းသိရသည်။
ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၃၅)အုပ်စုရှိရာ ဆေးထိုးစုရပ် အသီးသီး တွင်လည်း ကာကွယ်ဆေး (ပထမ)အကြိမ်ထိုးနှံပြီးသော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း စိစစ်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)