ပဲခူး ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၂၁ ရွာတွင် ရေရရှိရေးလုပ်ငန်း ၄၅ခု ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးရွာများ ရေရရှိရေးလုပ်ငန်းများအတွက် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းကို ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာ (၈)ရွာ တွင်လည်းကောင်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာ(၅)ရွာတွင်လည်းကောင်း၊ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ရန်ပုံငွေဖြင့် ကျေးရွာ (၆)ရွာတွင် လည်းကောင်း၊ မွမ်းမံရန်ပုံငွေဖြင့် ကျေးရွာ (၂)ရွာ တွင်လည်းကောင်း စုစုပေါင်း ကျေးရွာ (၂၁)ရွာတွင် မြေသားရေကန် အနက်နှိုက်ခြင်း၊ ကန်ချဲ့ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ လက်နှိပ်တုံတင်များတပ်ဆင်ခြင်း၊ အုတ်ရေလှောင်ကန် တည်ဆောက်ခြင်း အစရှိသည့်လုပ်ငန်း(၄၅)ခုကို ခွင့်ပြုရန်ပုံငွေ ကျပ်(၂၃၀.၆၉)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ထိုလုပ်ငန်းများပြီးစီးရေးကို ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် တင်ဒါရကုမ္ပဏီများမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့များမှ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ပြီးမြောက်စေရေးအတွက် လမ်းညွှန်ကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။