ဘူးသီးတောင်မြို့နယ်တွင် ဒေသတွင်း ငါးစားသုံးမှုဖူလုံစေရေးနှင့်ငါးသယံဇာတများ စဉ်ဆက်မပြတ်တိုးပွားစေရေးအတွက်(မေယုမြစ်ဖျား)သဘာဝရေပြင်အတွင်း ရေချိုငါးသားပေါက် ( ၁၅၀၀၀၀)မျိုးစိုက်ထည့်

ဘူးသီးတောင်   သြဂုတ်  ၂၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ  စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းနိုင်ရေး၊  ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေပိုမိုရရှိနိုင်ရေးအတွက်(မေယုမြစ်ဖျား) သဘာဝရေပြင်အတွင်းသို့ နှစ်စဉ် ငါးမျိုးစိုက်ထည့်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် မိုးရာသီကာလအတွင်း(ဒုတိယအကြိမ်) ငါးမျိုး စိုက်ထည့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ဘူးသီးတောင်မြို့နယ်(မေယုမြစ်ဖျား) ပန်ဇင်း ချောင်းတံတားအောက် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို ကိုဗစ်-၁၉ ညွန်ကြားချက်နှင့်အညီ  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဆန်းဝင်းက ( ဒုတိယအကြိမ်) ငါးမျိုးများ  စိုက်ထည့်ရခြင်းနှင့်  စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်မှုကော်မတီများနှင့် အခမ်းအနားတက်ရောက်လာသူများထံသို့ (၂လက်မအရွယ်အစား) ငါးသားပေါက်များကို ပေးအပ်ခဲ့ရာတာဝန်ရှိသူများမှ  လက်ခံရယူခဲ့ကြသည်။

 ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက မေယုမြစ်ဖျားသဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်များကို မျိုးစိုက်ထည့်ခဲ့ကြပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

 ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မေယုမြစ်ဖျား သဘာဝရေပြင်အတွင်းသို့ နှစ်စဉ်ငါးမျိုးစိုက်ထည့်ပေးလျက်ရှိရာ ဇူလိုင်လ(၄)ရက်နေ့တွင် ငါးသားပေါက်ကောင်ရေ (တစ်သိန်းငါးသောင်း)ကိုလည်းကောင်း၊ သြဂုတ်လ (၂၇)ရက်နေ့တွင် ငါးမြစ်ချင်းကောင်ရေ (တစ်သိန်း)နှင့် ထိုင်းငါးခုံးမကြီးကောင်ရေ (ငါးသောင်း) စုစုပေါင်း ငါးသားပေါက်ကောင်ရေ( တစ်သိန်းငါးသောင်း)ကိုလည်းကောင်း၊ ယခုနှစ်အတွင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (သုံးသိန်း)တို့ကို(မေယုမြစ်ဖျား)သဘာဝရေပြင်အတွင်း စိုက်ထည့်ပေးခဲ့ကြောင်း ဘူးသီးတောင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး   ဦးဆန်းဝင်းထံမှ  သိရသည်။   

 မြို့နယ်(ပြန်/ဆက်)